Saturday, February 23, 2013

မှတ်သားလောက်ပြီး သွေးထွက်အောင်မှန်တဲ့ ဗိုလ်ချုပ်ရဲ. မိန်.ခွန်း

((((((  ကျွန်တော်တို့ဗမာပြည်မှာ သေသွားတဲ့ နိုင်ငံခေါင်းဆောင်တချို့ သေသွားပေမယ်လို့ ၊ အဲဒီ သေသွားတဲ့ ခေါင်းဆောင် ၊ သေသွားတဲ့ ဆရာတော်ရဲ့ နာမည်ကို ယူပြီး အခုထက်ထိ ၊ ဒီနာမည် အစွဲပြုပြီးခေါ် တုန်းရှိသေးတယ် ။)))))))))))

ဥပမာ ကျွန်တော်တို့ တိုင်းပြည်က နာမည်တပ်ပြီးတော့ ၊ ဦးဖြူ – ဦးမဲ အဖွဲ့ ဘယ်သူ့အဖွဲ့ရယ်လို့ရှိတယ် ။ ဟိုတိုင်းပြည်မှာတော့ ၊ ဒီမှာလို ဦးဖြူ – ဦးမဲ အဖွဲ့ မရှိဘူး ။ အမေရိကန် ပြည်မှာဆိုယင် ၊ ဒီမိုကရက်တစ်ပါတီ ၊ အင်္ဂလိပ်ပြည်မှာ ကွန်ဆာဗေးတစ်ပါတီ ၊ လစ်ဘရယ်ပါတီ ၊ လေဘာပါတီ ၊ အဲဒါမျိုးဟာ ဘာလဲ ဆိုယင် ပုဂ္ဂိုလ်စွဲ အဖွဲ့တွေမဟုတ်ဘူး ၊ ဒီအဖွဲ့တွေမှာ ၊ ရာသက်ပန် ခေါင်းဆောင် မရှိဘူး ၊ ပါတီဆိုတာကသာ အမြဲတမ်းတည်နေတယ် ။ အဲဒီပါတီဆိုတာစာ သူတို့ ဆိုင်ရာလူတွေရဲ့ အကျိုးကို အဓိကထားပြီး တည်ဆောက်ထားတယ် ။ ဗမာပြည်မှာတော့ ဒီလိုမဟုတ်ဘူး ။ နောက်ဆုံးတနေ့မှာ တမျိုး ၊ ကျွန်တော်တို့ဗမာပြည်မှာ သေသွားတဲ့ နိုင်ငံခေါင်းဆောင်တချို့ သေသွားပေမယ်လို့ ၊ အဲဒီ သေသွားတဲ့ ခေါင်းဆောင် ၊ သေသွားတဲ့ ဆရာတော်ရဲ့ နာမည်ကို ယူပြီး အခုထက်ထိ ၊ ဒီနာမည် အစွဲပြုပြီးခေါ် တုန်းရှိသေးတယ် ။
ဗမာပြည် မှာ အဲဒီထိအောင် လွဲနေသေးတယ် ။ အရင်တုံးက နည်းနည်းပါးပါး နာမည်ရဘူးတဲ့ လူတွေရဲ့နာမည် ကို အသုံးပြုချင်တယ် ။ အမှန်စင်စစ်ကတော့ ပါတီသဘောမျိုး သက်ဝင်တဲ့ အဖွဲ့မျိုး မဟုတ်ဘူး ၊ လူလဲ မရှိဘူး ၊ ဆိုင်းဘုတ်ဘဲ ရှိတယ် ။ နောက်ပြီးတော့ကာ အဲဒါမျိုးတွေရှိတယ် ။ သေသွားတဲ့ ကရင် အမျိုးသားတစ်ယောက်ရဲ့ နာမည်ကို အစွဲပြုပြီးတော့ ဒီလူရဲ့ အဖွဲ့ဆိုပြီး ဖွဲ့ထားတယ် ။ ဒီတော့ ဘယ်နဲ့ဖြစ်နေသလဲ ဆိုတော့ ၊ ဒါတွေက သက်သက်နိုင်ငံရေး သဘောတရားဘာမှ မပါတဲ့ အဖွဲ့မျိုးတွေဖြစ်နေတယ် ။ ကျွန်တော်တို့က ဗမာပြည်မှာ ဘယ်လို ဖြစ်စေချင်သလဲ ဆိုလို့ရှိယင် အစွဲရှိနေတဲ့ အဖွဲ့တွေဟာ လက်ငင်း မဖျက်နိုင်လိုရှိယင် ( နောက်မှ ကျွန်တော်ပြောပြမယ် ) ။
ကျွန်တော်တို့ ဘယ်လို တည်ဆောက်ရမယ် ဆိုလိုရှိယင် ကမ္ဘာ့နိုင်ငံရေး အဆင့်အတန်းနှင့် လိုက်လျောညီစွာ ဗမာပြည်မှာ ရှိတဲ့ နိုင်ငံရေး အဆင့်အတန်းကို မြင့်တင်တဲ့ အနေမျိုးဖြစ်အောင် သူ့ဆိုင်ရာ ဆိုင်ရာ အကျိုးနဲ့ ၊ လုပ်ငန်းရဲ့ သဘောနဲ့ ၊ ရည်ရွယ်ချက်နဲ့ ဒီလိုရှိပြီးတော့ကာ စနစ်တကျ တည်ထောင်ဖွဲ့စည်းဖို့လိုတယ် ။ အဲဒီလိုဖွဲ့စည်းတဲ့ အခါမှာ မှိုလိုပေါက်တဲ့ အဖွဲ့မျိုးများများ မရှိဘဲ ကိုယ့်အချင်းချင်း စုစုသွားလို့ရှိယင် ၊ ဘာဖြစ်သွားမလဲဆိုယင် တဖြေးဖြေး ပါတီတွေဟာနည်းပါးလာမယ် ။ နောက်ဆုံးကျတော့ တခုတည်းသော အဖွဲ့အဖြစ်ကို ရောက်အောင် လုပ်ရမယ် ၊ ဒီလို လုပ်တဲ့အခါမှာ ကျွန်တော်တို့က ပါတီသဘောမျိုး နားလည်ပြီးတော့ နိုင်ငံရေး ပါတီတွေကို တည်ထောင်ဖို့ လိုတယ် ။ ဒီတော့ကာ ပါတီတွေ အကြောင်းကျွန်တော် မပြောသေးခင် ခုနက ဖွဲ့တဲ့ အလုပ်သမားအဖွဲ့တွေ ၊ လယ်သမား အဖွဲ့တွေ ၊ သမ၀ါယာမ အဖွဲ့တွေ ဘာကြောင့် တည်ထောင်ရမလဲဆိုတာ နဲနဲပြောပြပါ့မယ် ။ ဒီဟာတွေက ကျွန်တော်တို့ ရှေးတုန်းက ညီညွတ်ရေး ဆိုပြီးလုပ်ခဲ့တဲ့ အဖွဲ့အစည်းတွေ အမြောက်အများလုပ်ခဲ့တယ် ။ နောက်ပျက်စီးသွားကြတယ် ။ ဘာကြောင့်ပျက်စီးသွားသလဲ ဆိုလို့ရှိယင် ၊ ကျွန်တော်တို့ လိုက်ပြီး စုံစမ်းကြည့်ယင် အကြောင်း အမျိုးမျိုးရှိတဲ့ အနက်က အဓိကအကြောင်းကြီးက ဘာလဲဆိုတော့ ဆိုင်ရာဆိုင်ရာလူတွေရဲ့ အကျိုးကို အမြဲတမ်းအားဖြင့် ဆောင်ရွက်နေတဲ့ အစည်းအရုံးမျိုး မဟုတ်ဘူး ။ ဆိုင်ရာ ဆိုင်ရာ လူတွေရဲ့ အကျိုးကို အမြဲတမ်း လုပ်မနေဘူး ။ မထားဘူး ၊ လူတွေအဘို့မှာ လွတ်လပ်ရေးဆိုတဲ့ စကားဟာ မြေမထိ မိုးမထိဖြစ်နေတယ်။

ဗိုလ်ချုပ်အောင်ဆန်း

ဇန်န၀ါရီလ ၁၇ ရက်နေ့က စတင်ကျင်းပသော ( ဖ-ဆ-ပ-လ ) ပြည်လုံးကျွတ် ညီလာခံ

0 comments:

Post a Comment